လုပ်ငန်းစဉ်များအလိုက် ပြီးမြောက်အောင်မြင်ရန် သက်ဆိုင်သည့်ဌာန/အဖွဲ့အစည်းများအကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများလိုအပ်

       မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) အား အကဲဖြတ်သုံးသပ်ရာတွင် အသုံးပြုရမည့် ညွှန်ကိန်း (၂၈၁) ခု ပါဝင်သည့် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework – NIF) နှင့်စပ် လျဉ်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် သက်ဆိုင်သည့် ညွှန်ကိန်းများအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့(၃၀-၁၁-၂၀၂ ရက်နေ့) (၁၀:၀၀) နာရီအချိန်တွင်  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
    ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဌာနများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  လုပ်ငန်းများသည် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိရမှာဖြစ်ကြာင်း၊ စနစ်တကျ ရေးဆွဲထားရှိပြီး ဆောင်ရွက်နေသည့်လုပ်ငန်းများဖြစ်သော်လည်း အချိန်ကာလအလိုက် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်ရန် ရှိသည်များကို ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ညွှန်ကိန်းများနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ဆောင်ရွက်နေ သည်များကိုလည်း လေ့လာသုံးသပ်ဖို့လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍ အလိုက်တွင် လွှမ်းခြုံမှု ရှိစေရေး စီမံကိန်းထားရှိဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအလိုက် ပြီးမြောက်အောင်မြင်ရန်မှာ သက်ဆိုင်သည့်ဌာန/ အဖွဲ့အစည်းများအကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်ဖြစ်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေး နွေးမှာကြားပါသည်။
    ဆက်လက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(SDG) များ၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၁၂) ချက်၊ မဲခေါင်ဒေသတွင်း မဟာဗျူဟာမူဘောင်၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် အခြားသော ဒေသတွင်း ကတိကဝတ်သဘောတူညီမှုများနှင့် ကိုက်ညီမှုရှိသည့် မဏ္ဍိုင်(၃)ရပ်၊ ပန်းတိုင်(၅)ခု၊ မဟာဗျူဟာ(၂၈)ခု၊ အကောင်အထည်ဖော်မှုအစီအစဉ်(၂၅၁)ခု ဖြင့် ဖွဲ့စည်းထားရှိသည့် MSDP နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပန်းတိုင်အလိုက်တွင် ဌာနက ပါဝင်ဆောင်ရွက်နေမှု၊ အဆိုပါ MSDP အကောင်အထည်ဖော်မှုအား အကဲဖြတ်ရာတွင် အသုံးပြုနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ၂၀၂၁ ခုနှစ်၊ ဇွန် လတွင်  ထုတ်ဝေဖြန့်ချိထားသည့် ညွှန်ကိန်း(၂၈၁)ခုပါဝင်သည့် အမျိုးသား ညွှန်ကိန်းမူဘောင် (National Indicator Framework – NIF) နှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ညွှန်ကိန်းများအပေါ် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၃)ခုမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြကြခဲ့ပါသည်။
    အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter