လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့သွားရောက်၍ မုန်တိုင်းငယ်၏ အခြေအနေကို ပြည်သူများထံသို့ ကြိုတင်ဆောင်ရွက်ရမည့်အချက်များအားထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှုအားကြီးကြပ်လမ်းညွှန်ခြင်းဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့ ဆင်ဖြူရှင်ရပ်ကွက်၊ အေးမေတ္တာစံ(တောင်နီလေး)ကျောင်းတိုက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု(ဒုတိယအဆင့်) အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညိုကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာရိပ်သာများကို ဝန်ကြီးဌာနက ထောက်ပံ့ပေးနေမှု၊ ပူးပေါင်းဆောင်ရွက်နေမှု၊ ပရဟိတဂေဟာရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရေးဆွဲထားရှိသော လုပ်ငန်းလမ်းညွှန်များအတိုင်း အသိအမှတ်ပြုခြင်း၊ နည်းစနစ်တကျရှိစေရေး အနိမ့်ဆုံးရှိရမည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး၊ အသိပညာပေးခြင်း၊ ကြပ်မတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းလျှောက်ထားခဲ့ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂေဟာမှတာဝန်ရှိသူများအား ကလေးသူငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကို ရရှိခံစားနိုင်စေရေးနှင့် ၎င်းတို့၏ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာနှင့်ဉာဏ်ရည်ဖွံ့ဖြိုးစေရေး၊ အသိပညာနှင့် အတတ်ပညာများသင်ကြားတက်မြောက်စေရေးအတွက်ဆောင်ရွက်ပေးစေလိုသည့်အချက်များ တိုက်တွန်းမှာကြားခဲ့ပြီး ကလေးသူငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားကာ ကလေးသူငယ်များ လိမ္မာရေးခြားရှိပြီး နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုနိုင်သော တန်ဖိုးရှိသည့် လူသားအရင်းအမြစ်များဖြစ် တိုးတက်ကြီး ပြင်းလာစေရေးနှင့် ပညာဖြင့်မိမိတို့၏ဘဝကို တည်ဆောက်နိုင်ရေးအတွက် မှန်ကန်သော အားကျအတုယူမှုနှင့် ရည်မှန်းချက်များထားရှိကာ စိတ်အားငယ်မှုများမရှိဘဲ စည်းလုံးညီညွတ်စွာဖြင့်  ကြိုးစားသင်ယူစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး ကလေးသူငယ်များ၏စာသင်ဆောင်၊ အိပ်ဆောင်များအား လိုက်လံကြည့်ရှုကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်  နှင့် တာဝန်ရှိသူများသည် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှုအခြေအနေများ၊ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းအနီးမှ ဖြတ်ကျော်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့သို့ မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော် ဝင်ရောက်နိုင်မှုများနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနက စောင့်ကြည့်လေ့လာပြီး အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ စုစည်းဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ခေတ္တတာဝန်ခံ ဌာနကြီးမှူး ဦးဝင်းထိန်ကျော်က ယခု ဖြစ်ပေါ်နေသည့်မုန်တိုင်းငယ် နှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အပါအဝင် နိုင်ငံတကာမိုးလေဝသ Website များက လေ့လာတွေ့ရှိချက်များအရမုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ၊ မိုးရရှိမှုအခြေအနေ၊ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရာ  ပြည်ထောင်စုဝန်ကြီးက လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ လက်ရှိ မုန်တိုင်းငယ် ဖြစ်ပေါ်လာချိန်အထိ EOC အနေဖြင့် အချိန်မပြတ်စောင့်ကြည့်လေ့လာပြီး မှတ်တမ်းများ စနစ်တကျထားရှိကာ အဆင့်ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် သတင်းဆက်သွယ်မှုများရယူကာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းထားရှိပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုန်တိုင်းငယ်၏ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှု အခြေအနေပေါ်လိုက်၍ ဖြစ်ပေါ်လာနိုင်သည့် နေရာဒေသအလိုက် ရာသီဥတုအခြေအနေများနှင့်ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီသိရှိပြီး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နာရီစဉ်အလိုက် ပြောင်းလဲမှုများ ရှိနိုင်သည်ကို သတိပြုရမှာ ဖြစ်ပြီး မပြတ်စောင့်ကြည့်ကာ  ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်းနှင့်  မုန်တိုင်းငယ်အခြေအနေနှင့် ပတ်သက်၍  ထူးခြားလာပါက အဆင့်ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ရေးဆွဲထားရှိသော စီမံချက်များအတိုင်း အရေးပေါ်ဆက်သွယ်နိုင်မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်သတ်မှတ်ကာ စုရပ်နေရာများ ပြင်ဆင်နိုင်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းစုပုံပြင်ဆင်ကာ ဖြန့်ခွဲထောက်ပံ့နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။   

ထို့နောက် ဒုတိယဝန်ကြီးက ယခု မုန်တိုင်းငယ်၏ ပြောင်းလဲဖြစ်ပေါ်မှုများကို အချိန်နှင့်အမျှ သတင်းပေးပို့နိုင်ရန် ဆောင်ရွက်စေလိုပါကြောင်း၊ မုန်တိုင်းလမ်းကြောင်းနှင့် အနီးဝန်းကျင်ဒေသများရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးများတွင် ကယ်ဆယ်ရေးပစ္စည်များ၊ အထောက်အကူပြုပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ နေ့/ညတာဝန်ကျဝန်ထမ်းများအနေဖြင့်လည်း အမြဲမပြတ်စောင့်ကြည့်သတင်းပို့စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


 

FacebookTwitter