လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ Helpline ဝန်ထမ်းများသို့ “ကျား၊ မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာသင်တန်း (အပတ်စဉ်-၂)” ဖွင့်လှစ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် (ရုံးချုပ်) မှ Help Line တာဝန်ကျဝန်ထမ်းများအား “ကျား၊ မအခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်း (အပတ်စဉ်-၂)” ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် (၉:၃၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကို အကူအညီပေးသည့်ဌာနဖြစ်သည့်အတွက် ပြည်သူနှင့်ထိတွေ့နေရသည့် ဝန်ကြီး ဌာန ဖြစ်ကြောင်း၊ လူများကို ဝန်ဆောင်မှု ပေးနေသည့်ဌာနဖြစ်သည့်အတွက် မိမိတို့ပေးသည့် ဝန်ဆောင်မှုများမှာ စနစ်ကျဖို့ အရေးကြီးပါကြောင်း၊ လူများကို ဝန်ဆောင်မှု ပေးခြင်းမှာ မလွယ် ကူပါကြောင်း၊ အကူအညီတောင်းခံလာသူများမှာ လိုအပ်ချက်မတူသည့်သူများဖြစ်သဖြင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းနည်းလမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသူများဖြစ်သည့်အတွက် sympathy/ empathy ရှိရန်လိုအပ်ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို sympathy/ empathy ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Help Line ကို ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှစ၍ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ အထိ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၈၀) ရှိပြီး  ယင်းတို့အနက် GBV Case ပေါင်း (၁၀၅၂) ဖြစ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှု Case တွေပိုများမည်ဖြစ်ပါကြောင်း။
     အိမ်တွင်းအကြမ်းဖက်မှုများတွင် အဓိကခံစားနေရသူများမှာ ကလေးသူငယ်များ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံမှာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အောက်ခြေလူတန်းစားများအနေဖြင့် စားဝတ်နေရေး မပြည့်စုံသည့်သူများ ဖြစ်ကြပါကြောင်း၊ ထိုသို့ စားဝတ်နေရေး မပြည့်စုံသူများအနေဖြင့် မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှုများရှိနေပါက ကလေးသူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖြစ်နိုင်မည်မဟုတ်ပါကြောင်း၊ ထိုကဲ့သို့ အိမ်တွင်းအကြမ်းဖက်မှုမျိုးကို တွေ့ကြုံခံစားနေရသည့် ကလေးသူငယ်များ၏ ဘဝမှာအလွန်ပင်သနားစရာကောင်းပါကြောင်း၊ ယခုကဲ့သို့ သင်တန်းကို စီစဉ်ဆောင်ရွက်ပေးသော လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ Help Line သို့ ဆက်သွယ်လာသည့် သူများသည် ပြဿနာဒုက္ခများ ကြုံတွေ့နေရသဖြင့် ဆက်သွယ်လာခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ ဆက်သွယ်အကူအညီတောင်းခံရာတွင် ဖုန်းဖြင့်ဆက်သွယ်ခြင်းအပြင်  Viber ၊ Messenger များဖြင့် တိုင်ကြားနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားရှိပါကြောင်း။ 
    Help Line မှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများက ဆက်သွယ်လာသောသူများ ကို ပြေပြေပြစ်ပြစ်ပြောဆိုရန် စိတ်ရှည်နားထောင်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကူညီဖြေရှင်း ပေးလိုက်သည့်အတွက်ကြောင့် ၎င်းတို့၏ ပြဿနာဒုက္ခများ လျော့ပါးသွားပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်မှုအတွက် ပီတိဖြစ်တတ်ဖို့ လိုအပ်ပါကြောင်း၊ တိုင်ကြားလာသည့် အမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက Case Manager များအနေဖြင့် ဖြေရှင်းပေးခြင်း၊ ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများအတွက် မှတ်တမ်းမှတ်ရာများကိုလည်း ကောင်းစွာထိန်းသိမ်းတတ်ရန် လိုအပ်ပါကြောင်း။
    ယခု သင်တန်းသို့ တက်ရောက်မည့်သူများတွင် လက်တွေ့လုပ်ငန်းဆောင်ရွက်သူများပါသည့်အတွက် စာတွေ့လက်တွေ့ပေါင်းစပ်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများဝန်ဆောင်မှုပေးရာတွင် ၎င်းတို့၏ အသည်းနှလုံးကို သိမ်းကြုံးသိမ်းပိုက်နိုင်ရန်လိုအပ်ပါကြောင်း၊ လူငယ်များဖြစ်သည့်အတွက် အမြင်ကျယ်ဖို့လိုအပ်ပါကြောင်း၊ နိုင်ငံအကျိုးအတွက်ကိုသာဦးတည်၍ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ Help Line ဝန်ဆောင်မှုမှာ အလွန်ပင်အရေးကြီးသည့်အတွက် သင်တန်းသားများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် ယခုသင်တန်းမှ သင်ကြားပေးသည့်အတိုင်း လေးလေးစားစားဖြင့် စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
    သင်တန်းတွင် သင်တန်းသား/ သူ (၂၆) ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၈.၃.၂၀၂၂) ရက်နေ့နှင့် (၂၉.၃.၂၀၂၂) ရက်နေ့အထိ (၂) ရက်တာသင်တန်းဖွင့်လှစ်မည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

FacebookTwitter