ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့လားရှိုးမြို့ရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ လူမှုရေးပင်စင်နှင့်ပရဟိတဂေဟာများသို့ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပြန်လည်ထူထောင်ရေးစခန်း၊ လူငယ်သင်တန်းကျောင်း၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ၊ မူကြိုကျောင်းများအား ကြည့်ရှုစစ်ဆေး

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့်တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော လားရှိုးခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Quick Win Project စီမံကိန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှု၏အရေးပါမှုများကို တိုက်တွန်းရှင်းလင်းအမှာစကားပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်၍ တင်ပြလိုသည့်အချက်များအား တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

     ဆက်လက်၍ (၂၃-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အကျိုးခံစားခွင့်ရှိသူဘိုးဘွားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့် အတိဒုက္ခခံစားနေရသူများအား ကယ်ဆယ်ထောက်ပံ့ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ/ လူကုန်ကူးခံရသူများအား လူ့အသိုင်းအဝိုင်းအတွင်းပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးခြင်းစတဲ့ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ရေးလုပ်ငန်းအနေဖြင့် “စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်”နှင့်အညီ စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းအဖွဲ့အစည်းများကကြီးကြပ်မှုဖြင့်တည်ထောင်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများနှင့်ဘိုးဘွားရိပ်သာများမှာ လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်များ၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေးဖူလုံနိုင်ရေးအတွက် ကုန်ကျစရိတ်တစ်စိတ်တစ်ဒေသကို နိုင်ငံတော်မှခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေအရ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆) ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို အသက် (၈၅) နှစ်နှင့်‌အထက်သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် တစ်လကျပ် (၁) သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးသက်သာစေရေး လုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ကလေးများကိုယ်တိုင်သာမက ကလေးသူငယ်များအရေးကို ဖော်ဆောင်လျက်ရှိသည့် သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာပြည်သူလူထုများပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရေး၊ သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်းဖြင့် ကလေးအရွယ်မှစ၍ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိရှိနားလည်မှုရလာမည်ဖြစ်ကာ ၎င်းတို့မှတစ်ဆင့် မိသားစုများ၊ ရပ်ရွာများအတွင်း သဘာဝဘေးအသိပညာများပြန့်ပွားစေရေး၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်စေရေး၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ အခြေခံအချက်အလက်များ၊ အသိပညာဗဟုသုတများကိုမျှဝေပေးနိုင်ရေး၊ လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ပါဝင်သူအားလုံးက ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားများအသီးသီးပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက်ဘိုးဘွား (၅,၆၀၄) ဦး အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁,၆၈၁.၂) သိန်း၊ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာ (၂) ခုနှင့် ဘိုးဘွားရိပ်သာ (၁) ခုအတွက်  ထောက်ပံ့ငွေကျပ် (၁၈၆.၃၉) သိန်းစသည်ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၈၆၇.၅၉) သိန်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဌနှင့်တာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဌနှင့်တာဝန်ရှိသူများကတက်ရောက်လာသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့် လူမှုကူညီရေးအသင်းများအနက်မှ လားရှိုးမြို့၊ ကိုဗစ်-၁၉ ကြပ်မတ်ကုသရေးစင်တာမှ ဥက္ကဌ ဦးဇော်ဇော်က လူမှုကူညီရေးအသင်းများမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ကိုဗစ် ၁၉ ကြပ်မက်ကုသရေးဆောင်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကိုယ်စား ရှမ်းမိဘမဲ့လူငယ်ဖွဲ့ဖြိုးရေးပရဟိတဂေဟာမှ ဂေဟာမှူး ဒေါ်နန်းခမ်းလောဝ်က  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူများက တက်ရောက်လာသည့် ဘိုးဘွားများထံ ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များအား လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဝန်ကြီးဌာနလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ခဲ့ကြပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည့် ပြန်လည်ထူထောင်ရေး စခန်းလားရှိုးသို့ရောက်ရှိကြရာ တာဝန်ခံမန်နေဂျာက စခန်းဆိုင်ရာအချက်အလက်များ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်မှု အခြေအနေများကို ရှင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ ငယ်ရွယ်သူများအနေဖြင့် ဆိုးကျိုးသံသရာများကို သိရှိနားလည်စေရေး အခြေခံပညာကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သလို စခန်းအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို လာရောက်လေ့လာနိုင်ရေး ပြခန်းတစ်ခုပြင်ဆင်၍ ခင်းကျင်းပြသစေလိုပါကြောင်း၊ သင်တန်းသား/ သူများ တွေ့ကြုံခဲ့ရသည့် အခြေအနေများနှင့် သင်တန်းနှင့် သင်တန်းအပေါ် သဘောထားအမြင်များကို ပြန်လည်ဆန်းစစ်ရန်လိုအပ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လက်တွေ့အသုံးချနိုင်မှုအပေါ်မူတည်၍ သင်တန်းအမျိုးအစားများကို ပြန်လည်ဆန်းစစ်ရန်နှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ဒေသခံလုပ်ငန်းရှင်အသင်းများနှင့် သတင်းအချက်အလက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့မိ၊ မြို့ဖများ တာဝန်ရှိသူများက စခန်း၏ရည်ရွယ်ချက်ဖြစ်သည့် ပြန်လည်ထူထောင်ရေးသင်တန်းများ အောင်မြင်စေရေးနှင့် သင်တန်းသားများ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့်အချက်များအားဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းပညာရပ်များပို့ချနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ စခန်းသာယာလှပရေးပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံး (သိုလှောင်ရုံ) ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ အိမ်ထောင်စု (၁,၀၀၀) စာ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ၊ အလှူပစ္စည်းများကို သိုလှောင်ရုံထိန်းသိမ်းနည်း လက်စွဲအတိုင်း သိုလှောင်ထိန်းသိမ်းထား ရှိမှုအခြေအနေများ၊ သိုလှောင်ရုံမှတ်တမ်းထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်တမ်းရှည်ကြာထိန်းသိမ်းထားရသည့် ပစ္စည်းများကိုဖြန့်ခွဲအသုံးပြုနိုင်ခြင်း မရှိဘဲ သိုလှောင်ရုံအတွင်း သက်တမ်းလွန်မှုမရှိစေရေး  စိစစ်တင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လားရှိုးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး နိုင်ငံတော်ကိုယ်စား ကလေးသူငယ်များ လက်ခံစောင့်ရှောက်ထားရှိမှုအခြေအနေနှင့် ပညာသင်ကြားပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဌနှင့် မြို့မိ၊ မြို့ဖများ၊ လူမှုရေးအသင်းများ၊ တာဝန်ရှိသူများအား ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေးနှင့် သင်တန်းသားများယခုထက်ပိုမို၍ လက်ခံသင်ကြားပေးနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားရမည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကလေးသူငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြားခဲ့ပါသည်။

   ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး တာဝန်ခံကျောင်းအုပ်က မူကြိုကျောင်းဝင်ဆံ့အင်အား၊ လက်ခံသင်ကြားပေးနေမှု အခြေအနေနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မူကြိုကျောင်းအတွင်း ကလေးငယ်များ တက်ရောက်သင်ယူနေမှု အခြေအနေများကို သွားရောက်အားပေးကြည့်ရှုခဲ့ကာ ကလေးငယ်များအတွက် ကစားစရာအရုပ်များ ပေးအပ်ခဲ့ပြီး ကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဌနှင့် မြို့မိ၊ မြို့ဖများနှင့်အတူ ဘာသာမရွေး လူမှုရေးကူညီမှုအသင်းသို့ ရောက်ရှိကြရာ အသင်းဥက္ကဌနှင့် တာဝန်ရှိသူများက အသင်း၏နောက်ခံသမိုင်းကြောင်း၊ လူမှုရေးကူညီမှုများဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေ၊ လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပို့ချပေးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သာရေး၊ နာရေးကိစ္စများ အပါအဝင် ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စရပ်များအား ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်သည့်အတွက် အထူးပင်ဂုဏ်ယူကျေးဇူးတင်ရှိကြောင်း အမှာစကားပြောကြားခဲ့ပြီး အသင်းမှ တာဝန်ရှိသူများမှ လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်မည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter