လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော လူငယ်သင်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးခြင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (၂၄.၉.၂၀၂၂) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီး ဌာနက ဖွင့်လှစ်ထားသည့် သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ရန်ကုန်) နှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသား များနှင့်တွေ့ဆုံခဲ့ပါသည်။

    ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်သည် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုစောင့်ရှောက်ထားရှိမှုအခြေအနေ၊ ပညာရေးသင်ကြားမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးမှုအခြေအနေ၊ နေ့စဉ်ကျွေးမွေးမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ၏ စားဝတ်နေရေးကိုအဓိကထားရုံမျှမက ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကိုလည်း ရရှိအောင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ပညာရေးတွင်ထူးချွန်ထက်မြက်ဖို့လိုအပ်ပါကြောင်း၊ အတန်းပညာသင်ကြားလိုခြင်းမရှိသည့်ကလေးများအား အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရန်လိုအပ်ပါကြောင်း၊ ကလေးများအားလမ်းမှားမရောက်အောင် ကြိုတင်ကာကွယ်ပေးရန် ကျောင်းအုပ်နှင့် ဝန်ထမ်းများတွင်တာဝန်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်ကလေးသူငယ်များကို ပြုစုစောင့်ရှောက်နေခြင်းဖြစ်ပါသဖြင့် မိမိသားသမီးများကဲ့သို့ စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအား ကျောင်းနှင့်ကလေးသူငယ်လုံခြုံရေးအတွက် တာဝန်ချထားရာတွင် စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းကို တာဝန်ခွဲဝေချထားရန်လိုအပ်ပါကြောင်း၊ လူငယ်သင်တန်းကျောင်းတွင် ပြုစုစောင့်ရှောက်ထားသည့်ကလေးများအတွက် ပညာရေးကိုအဓိကထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်တစ်ဦးချင်းစီ၏ အကောင်းဆုံးအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးများအနေဖြင့်လည်းကျောင်းပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များကို ထူးချွန်တတ်မြောက်ရန်အတွက် သင်ယူရန်လိုအပ်ပါကြောင်း၊ သို့မှသာ ဘဝရပ်တည်မှုအာမခံချက်ရရှိမည်ဖြစ်ပါကြောင်း၊ ကျောင်းသားတစ်ဦးချင်းစီအနေဖြင့်လည်း စည်းကမ်းလိုက်နာရန် တာဝန်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ဒုတိယဝန်ကြီးဦးဆောင်သောအဖွဲ့သည် သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင်  Care Support Clover Com.,Ltd နှင့်ပူးပေါင်း၍ ဖွင့်လှစ်ထားသည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် သူနာပြုအကူနည်းပညာဝင်ခွင့်သင်တန်း (ဂျပန်) ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter