၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

    ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ကြီးမှူး၍ (၈.၃.၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်(၁၄) ခရိုင်၊   မြို့နယ်(၄၄) မြို့နယ်မှ  အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ ထူးချွန်အမျိုးသမီးအားကစား သမားများ၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲ ဆုရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း(၃၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြော ကြားပြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား Video Clip ပြသခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသခြင်း၊ အမှတ် (၁) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများမှ တင်ဆက်ကပြခြင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)မှ သမီးပျိုလေးများ၏အကနှင့် မြန်မာ့သိုင်း သရုပ်ပြတင်ဆက်ခြင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ Fitness Dance များဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။


    ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိခဲ့ သော ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံဂုဏ်ဆောင်ဆု တံဆိပ်များရရှိခဲ့ကြသော အမျိုးသမီးများအား လည်းကောင်း၊  ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့များအား လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တက်ရောက်လာကြတဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

    ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက် လာကြသူများသည် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဓါတ်ပုံပြခန်းနှင့် လူမှုဝန် ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပါသည်။ 

FacebookTwitter