လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရက်(၁၀၀)အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အ‌ခြေအနေများ တင်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ လိုအပ်သည်များ မှာကြား

     ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ဆွေးနွေးပွဲအား ၂၀၁၆ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းများအောင်မြင်မှု ရှိ/မရှိကို ပြည်သူက အဆုံးအဖြတ် ပေးမှာဖြစ်သဖြင့် ပြည်သူ့အသံကို နားထောင်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာသော စနစ်တစ်ခုသို့ ‌ပြောင်းလဲနေပြီဖြစ်သဖြင့် အမှန်တကယ် ပြောင်းလဲစေရန်မှာ တာဝန်ရှိသူအဆင့်ဆင့်တွင် တာဝန်ယူမှု တာဝန်ခံမှုရှိရန် အရေးကြီးကြောင်း၊ အမှန်တကယ်‌ပြောင်းလဲခြင်း ရှိ/မရှိနှင့် မိမိတို့ဆောင်ရွက်ချက်များမှန်/မမှန်ကိုလည်း ပြည်သူကပေးမည့်အ‌ဖြေကို စောင့်ကြည့်ရန်ဖြစ်ကြောင်း ‌ပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Myanmar Chefs Art မှ Co.ltd President ဖြစ်သူ Mr. Oliver E Soe Thet ဦးဆောင်သောအဖွဲ့အား ဝန်ကြီးဌာနရှိ မေခလာခန်းမတွင် လက်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်နှင့် ကလေးအစားအစာများ လှူဒါန်းနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဂျာမနီနိုင်ငံရှိ ဆိပ်ကမ်းမှတဆင့် ကွန်တိန်နာများဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်နိုင်ရေး၊ အလှူပစ္စည်းစာရင်းများ မှန်ကန်မှုရှိစေရေး၊ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး၊ ဆိပ်ကမ်းမှ စနစ်တကျထုတ်ယူရရှိရေးနှင့် အခွန်ကင်းလွတ်ခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်မှု အ‌ခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter