ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်ခြင်းနှင့် မိုင်းအန္တရာယ် အသိပညာပေးနှင့် မိုင်းရှင်းလင်းခြင်းဆိုင်ရာ သရုပ်ပြပွဲ ကျင်းပပြုလုပ်မှုသတင်း

နေပြည်တော်၊ သြဂုတ်လ (၂၄) -

      မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ်(၂၀)သန်းအား သံအမတ်ကြီး Mr.Hong Liang ကလည်းကောင်း၊ State Power Investment Corporation က လှူဒါန်းငွေကျပ်(၁၀)သန်းနှင့် Huawei Myanmar က လှူဒါန်းငွေကျပ်(၁၀)သန်းအား တာဝန်ရှိသူများကလည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀န်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌ လာရောက်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

      မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ မြတ်နန်းယုံဟိုတယ်၌ ကျင်းပပြုလုပ်သော မိုင်းအန္တရာယ် အသိပညာပေး ရှင်းလင်းခြင်းနှင့် မိုင်းရှင်းလင်းခြင်းဆိုင်ရာ သရုပ်ပြပွဲသို့ တက်ရောက်၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအရ ကလေးသူငယ် အခွင့်အရေးများ ပိုမိုမြှင့်တင့်ပေးရန်နှင့် အကာအကွယ်ပေးရန် လိုအပ်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ကာ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံရသူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ခြင်းနှင့် မိုင်းရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ရန် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်ကျန် ပစ္စည်းများ ရှင်းလင်းဖယ်ရှားရေး အသိပညာပေး လုပ်ငန်းများကိုလည်း ယခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ မိုင်းကြောင့် ထိခိုက်သူနှင့်အတူ မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော် ကုန်ထုတ်လုပ်ငန်းများကို ထိခိုက်နစ်နာစေကြောင်း၊ နိုင်ငံတော်မူဝါဒဖြစ်သော လွတ်လပ်လုံခြုံသည့် လူနေမှုဘဝကို အထောက်အကူပြုစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ရပ်ရွာဓလေ့ထုံးစံများနှင့် ရိုးရာဓလေ့ထုံးစံများကို သိရှိရန်လိုအပ်ကြောင်းနှင့် မိုင်းကင်းစင်သော နယ်မြေများဖြစ်ပေါ်လာပြီး လူသားချင်းစာနာ ထောက်ထားသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသော စာအုပ်စာတမ်းများ၊ မှတ်တမ်းဓါတ်ပုံများ၊ နံရံကပ်ပိုစတာများနှင့် မိုင်းရှင်းလင်းရေး အထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါ သရုပ်ပြရှင်းလင်းပွဲသို့ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၀န်ကြီးရုံးမေခလာခန်းမ၌ Help Age International အဖွဲ့အစည်း၊ World Bank Technical Mission အဖွဲ့အစည်း၊ Myanmar Trillion Group Co L.td နှင့် UNOCHA အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံခဲ့ရာ Help Age International(Myanmar)အဖွဲ့အစည်းမှ Country Director ဖြစ်သူ Mr. Godfred Paul က နိုင်ငံတကာတွင် ဆောင်ရွက်နေသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ ဆောင်ရွက်နေသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပမည့် Social Transfer Program သို့ ဝန်ကြီးဌာနမှ ကိုယ်စားလှယ် စေလွှတ်ပေးရေးကိစ္စများ၊ ဤဝန်ကြီးဌာနမှ ရှေ့ဆက်ဆောင်ရွက်မည့် သက်ကြီးရွယ်အိုဆိုင်ရာ လူမှုရေးမူဝါဒရေးဆွဲရေးနှင့် အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်ရှိ ထိခိုက်အားနည်းလွယ်သော အုပ်စုများကို လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်ဖြင့် အထောက်အပံ့ပြုနိုင်ရေးကိစ္စရပ်များ၊ World Bank Technical Mission အဖွဲ့အစည်းမှ Team Leader ဖြစ်သူ Mr. Henrike Brecht က ၂၀၁၅ခုနှစ်၊ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် ကမ္ဘာ့ဘဏ်၏ Emergency Response Credit နှင့် Immediate Response Mechanism တို့အရ ဝန်ကြီးဌာန(၃)ခုအား ချေးငွေအမေရိကန်ဒေါ်လာသန်း (၄၀၀)ခွင့်ပြုခဲ့သည့် ကိစ္စရပ်များ၊ ယခုနှစ်အတွက် ချေးငွေခွင့်ပြုချက် အမေရိကန်ဒေါ်လာသန်း(၁၀၀)ရှိသဖြင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး၊ ဘေးဒဏ်ခုခံနိုင်သော အခြေခံ အဆောက်အဦဖြစ်ထွန်းရေး၊ ဘေးအန္တရာယ် တုံ့ပြန်နိုင်ရေးအတွက် အရေးပေါ်ဘဏ္ဍာငွေ စုစည်းရေးစသည့် နယ်ပယ်(၃)ခုပါဝင်သည့် Myanmar Southeast Asia Disaster Risk Management စီမံကိန်း(၁)ရပ်အတွက် ချေးငွေပံ့ပိုးနိုင်ရေးတွင် အဓိက အကောင်အထည်ဖော်မည့် ဝန်ကြီးဌာနများ သတ်မှတ်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ Myanmar Trillion Group Co L.td တာဝန်ရှိသူက ရေကြီးရေလျှံမှုများတွင် သဲအိတ်အစားထိုး အသုံးပြုသော ကယ်ဆယ်ရေးသုံးလေအိတ်များ၊ ရွှေ့ပြောင်းရလွယ်ကူသည့် ယာယီတဲများ၊ အသက်ကယ်ရာဘာလှေများ၊ ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖိအားမြှင့်အပေါ့စားရေစုပ်များ အသုံးပြုနိုင်ရေးကိစ္စရပ်များ၊ UNOCHA အဖွဲ့အစည်းမှ Deputy Humanitarian Coordinator ဖြစ်သူ Mr. Domenico Scalpelli က ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့် ကိစ္စရပ်များ၊ လုံခြုံရေး ကန့်သတ်ချက်ရှိ ဒေသများသို့ ကူညီထောက်ပံ့ရေးကိစ္စများအတွက် သွားရောက်နိုင်ရေး ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter