လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြိုင်ကြီးငူ အထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့

ကရင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၆ခုနှစ် ၊ စက်တင်ဘာ လ(၂၀)ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေ့လည်ပိုင်းတွင် ဘားအံမြို့သို့ရောက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်ထောင်စုရိပ်သာတွင် ကြိုဆိုကြပါသည်။

      ၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်‌အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ ဘုန်းတော်ကြီး ကျောင်းရှိ မဲသဝေါဒေသ တိုက်ပွဲရှောင်ပြည်သူများထံသို့ရောက်ရှိကြရာ တိုက်ပွဲရှောင် ပြည်သူများ အနေဖြင့် မကြာမီကာလတွင် မိမိတို့၏နေ ရပ် သို့ ပြန်လည်ရောက်ရှိကြတော့မည်ဟု သိရှိရပါ ကြောင်း ၊ မိမိသည် ပြည်ထောင်စုအစိုးရအနေဖြင့် လာရောက်ကြည့် ရှုထောက် ပံ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်‌ ရက်ပိုင်းကလည်း မိမိတို့လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကိုယ်စား ညွှန်ကြားရေးမှူးချုပ်က လာရောက်ထောက်ပံ့ခဲ့ပါကြောင်း ၊ ယခုပြည်သူ များတွင် ကလေးသူငယ်များ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြပြီး မိမိတို့နေရပ်ပြန်လည်ရောက်ရှိပါက စိတ်ဓာတ်ပို မိုမြင့်မားစေရေးနှင့် သက်မွေးမှု လုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားစေရေးအတွက် စိတ်ဓာတ်ခွန်အား မြင့်တင်ရေး အစီအစဉ် များ စက်ချုပ်သင်တန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ထူထောင်ရေး တွင် မိမိတို့၏ မူလအ‌ခြေအနေများထက် ပိုမိုကောင်းမွန်အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန် ၊ ဆီ ၊ ကလေးကစားစရာအရုပ်များ ၊ စား စရာမုန့်များ ၊ ဖတ်ရှုရန် မေ့ရင်သွေးဂျာနယ်စာအုပ်များ ၊ အဝတ်အထည်များနှင့် အပ် ချုပ်စက်(၁၀)လုံးတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်စာစခန်း ဘုန်းတော်ကြီးကျောင်း ရှိတိုက်ပွဲရှောင်ပြည်သူများနှင့် ကလေးငယ်များ စာပေ သင်ကြားမှုအ‌ခြေအနေ ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုအ‌ခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကန်တော့ကာ လှူဖွယ်ဝတ္တုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင် - ၁၀၀) သို့ရောက်ရှိရာ ဆေးရုံ တက်ရောက်ကုသလျက်ရှိသော အရာရှိစစ်သည်များကို လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူကလက်ခံရယူခဲ့ပါသည်။

FacebookTwitter