မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ -

      အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အတည်ပြု နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့် ရှောက်ပေးနိုင်ရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

      မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေး ၁/၂၀၁၆ ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

      ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီသည် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရား တစ်ရပ်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်မှုတွင်လည်းကောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အမျိုးသမီးရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်ရာတွင်လည်းကောင်း နိုင်ငံတော်အစိုးရကိုယ်စား အဓိကတာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုး သမီးရေးရာကော်မတီကို ၂၀၁၆ခုနှစ် နိုဝင်ဘာ ၇ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီတွင် ယခင်ကာလက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေသော ကွန်ရက် အဖွဲ့အစည်းများ ပါဝင်လာခဲ့ပါကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အကျိုးစီးပွားကိုရှေးရှု၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို အကောင်အထည်ဖော်ရာတွင်လည်း မဟာဗျူဟာ ၄ ရပ်၊ အဓိကလုပ်ငန်း နယ်ပယ် ၁၂ ရပ်နှင့် နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် ပြဌာန်းထားပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို မိမိတို့ဝန်ကြီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ ကျား၊မတန်းတူညီမျှရေးကွန်ရက်အဖွဲ့၊ UN Gender Theme Group တို့နှင့် ပူးပေါင်းရေးဆွဲထားပြီး အတည်ပြုနိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါဥပဒေ တွင် အခန်း(၁၈)ခန်း၊ ပုဒ်မပေါင်း ၈၇ခု ပါဝင်ပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲ ထားခြင်းဖြစ်ပါကြောင်း၊ ၀န်ကြီးဌာနနှင့် အရပ်ဖက်လူမှုရေးအဖွဲ့များပူးပေါင်း၍ Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ၀န်ကြီးဌာန(၉)ခုတွင် (၁၂)ကြိမ် ကျင်းပ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် ၀န်ကြီးဌာနများကိုလည်း ဆက်လက်၍ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

      ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ မူဝါဒ၊ ဖွဲ့စည်းပုံ၊ တာဝန်နှင့် ၀တ္တရားများ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ရှင်းလင်းပြောကြား သည်။

      ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (National Strategic Plan for the Advancement of Women-NSPAW)အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး ကရှင်းလင်းတင်ပြသည်။

      ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကော်မတီ၏ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးအခွင့်အရေးများနှင့် ပတ်သတ်၍ ၀ိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက် များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

FacebookTwitter