တိုင်းရင်းသားဒေသခံများနှင့် နီးစပ်မှုရှိရေး၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များ ဖြည့်ဆည်းရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်

ရှမ်းပြည်နယ်၊ ၂၄-၆-၂၀၁၇

        နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားဒေသခံများနှင့် ပိုမိုနီးစပ်စေရန်နှင့် တိုင်းရင်းသားဒေသခံများ၏ လိုအပ်ချက်များကို သိရှိဖြည့်ဆည်းနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့နံနက်ပိုင်းတွင် ကျင်းပသော ကိုးကန့်ဒေသခံများနှင့်တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ 

        ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဦးကျောက်တယ်ချန်နှင့် အခမ်းအနားသို့တက်ရောက်လာကြသော ဒေသခံပြည်သူများက ကိုးကန့်ဒေသ၏ လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၇ခုနှစ်၊ တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့သော ထင်ပါကျိုင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၈)ရွာမှ တိုက်ပွဲရှောင်ပြည်သူများ အတွက် ကိုးကန့်ဒေသ၊ ရွှေပင်စီးကျေးရွာသစ်တွင် ဆောက်လုပ်လျက်ရှိသော အိမ်ရာများ ဆောက်လုပ်ရာတွင်အသုံးပြုရန် သွပ် (၁၀၀၀၀)ချပ်၊ ဒေသတွင်းအရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် လိုအပ်သော လူနာတင်ယာဉ်ဝယ်ယူရန် ထောက်ပံ့ငွေ ကျပ်သိန်း(၃၀)၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ပေးအပ်ခဲ့ရာတွင် ထပ်မံစာရင်း ကောက်ယူရရှိသော ဘိုးဘွား(၂၉)ဦးအတွက် (၈၇၀၀၀၀)ကျပ်၊ ဘိုးဘွားများ အတွက် စောင်၊ လုံချည်နှင့် မျက်နှာသုတ်ပုဝါများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

        နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့သို့ရောက်ရှိကြပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဌ၊ ဦးခွန်ထွန်းလူနှင့် ဒေသခံပြည်သူများအားတွေ့ဆုံရာ ဒေသခံများ၏ လိုအပ်ချက်များကို ရင်းနှီးစွာ မေးမြန်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်ဒေသလိုအပ်ချက်များ ဖြစ်သော မီးသဂြိုဟ်စက် တည်ဆောက်ရန်အတွက် မတည်ငွေ ကျပ်သိန်း(၅၀)၊ အစိုးရအသိအမှတ်ပြု မူလတန်းကြိုကျောင်း ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ် (၆)သိန်းနှင့် ဘိုးဘွားများအတွက် စောင်၊ လုံချည်နှင့် မျက်နှာသုတ်ပုဝါများကို ပေးအပ်ခဲ့ပါသည်။

                ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများ၊ မိသားစုများနှင့် တွေ့ဆုံခြင်း၊ ဘိုးဘွားများအား အိမ်တိုင်ရာရောက် စောင်၊လုံချည်နှင့် မျက်နှာသုတ်ပုဝါများ ကို ပေးအပ်ပြီး အားပေးစကား ပြောကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ် အတွင်း လောက်ကိုင်ဒေသတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ အခက်အခဲရှိသော ဒေသခံပြည်သူများအတွက် ကျပ်သိန်းပေါင်း (၄၄၄၅)သိန်းခန့် တန်ဘိုးရှိ ဆန်၊ ဆီ၊ ဆား၊ ငါးသတ္တောတို့ကို (၁၀.၆.၂၀၁၇)ရက်နေ့တွင် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

FacebookTwitter