(၆၈)ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏အမှုဆောင်ကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၉

(၆၈)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အမှုဆောင် ကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့တွင်၂၀၁၇ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့မှ(၆)ရက်အထိကျင်းပခဲ့ပြီးအဆိုပါအစည်း အဝေးသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ပါသည်။     ဖွင့်ပွဲအခမ်းအနားကိုအောက်တိုဘာလ(၂)ရက်နေ့နံနက်(၁၀)နာရီတွင်စတင်ကျင်းပခဲ့ပြီးအဆိုပါအမှုဆောင်အဖွဲ့အစည်းအဝေး၏သဘာပတိ အဖြစ်ကနေဒါနိုင်ငံကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် Ms. Rosemary McCarney မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi မှအဖွင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။                                             ထိုနောက်တက်ရောက်လာကြသောနိုင်ငံအသီးသီးမှသက်ဆိုင်ရာဝန်ကြီးများ၊ဒုတိယ၀န်ကြီးများ၊အဆင့်မြင့် ကိုယ်စားလှယ်များမှ အထွေထွေမူဝါဒမိန့်ခွန်းများပြောကြားခြင်း၊ ဒုက္ခသည်များဆိုင်ရာ ကိစ္စရပ်များအား အတူတကွပူးပေါင်းအဖြေရှာခြင်းများပြုလုပ်ကြပါသည်။     ၄င်းနောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်နေသောနိုင်ငံဖြစ်ပြီး အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊အမျိုးသားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများသည်လည်းဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း ၊လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများကိုဆောင်ရွက်ရာတွင်အထူးသဖြင့်ဖွံ့ဖြိုးမှုနောက်ကျနေသည့်ပြည်နယ်၊တိုင်းဒေသကြီးများကိုဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ယခုကာလတွင်ကမ္ဘာ့နိုင်ငံများမှစိတ်ဝင်စားလျှက်ရှိသောရခိုင်ပြည်နယ်အခြေအနေကိုဆွေးနွေးလိုပါကြောင်း၊ ယခုအကြမ်းဖက်ဖြစ်စဉ်မဖြစ်ပွားမီကတည်းကပင်ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးလုပ်ငန်း များအောင် ရွက်နိုင်ရန် ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ထို့အပြင်မစ္စတာကိုဖီအာနန်ဦးဆောင်သောရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုလည်းဖွဲ့စည်းခဲ့ပြီးဒေသ တွင်းရခိုင်တိုင်းရင်းသားများနှင့်မွတ်ဆလင်ဘာသာဝင်များကာလရှည်ကြာခဲ့သည့်ပဋိပက္ခများကိုလည်းအဖြေရှာဆောင်ရွက်လျှက်ရှိပါကြောင်း ၊အဆိုပါကိစ္စရပ်များဆောင်ရွက်နေစဉ်အတွင်း(၂၅.၈.၂၀၁၇)ရက်နေ့တွင်ARSAအဖွဲ့မှအကြမ်းဖက်တိုက်ခိုင်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးစခန်း(၃၀)တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ များစွာသေဆုံးခြင်း၊ ဒဏ်ရာ ခြင်းများရှိခဲ့ပါကြောင်း၊ဒေသတွင်းနေထိုင်လျှက်ရှိသည့်ဟိန္ဒူများ၊အခြားလူဦရေနည်းပါးသောရခိုင်တိုင်းရင်းသားလူနည်းစုများအသတ်ခံရခြင်း ၊မိမိတို့နေအိမ်မှစွန့်ခွာထွက်ပြေးခဲ့ရခြင်းများရှိခဲ့ပါကြောင်း၊ထို့ကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှအဆိုပါအကြမ်းဖက်ဖြစ်စဉ်အားနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်အပြစ်မဲ့ပြည်သူများထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့ ပါကြောင်း၊ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ရေးလုပ်ငန်းများကိုလည်းအချိန်နှင့်တပြေးညီဆောင်ရွက်ခဲ့ပါကြောင်း၊ရခိုင်ပြည်နယ် တွင်လက်ရှိဖြစ်ပွားလျှက်ရှိသောပဋိပက္ခများသည်ကာလကြာမြင့်ခဲ့ပြီးအကြောင်းအရာပေါင်းစုံလည်းပါဝင်ပတ်သက်နေ ပါကြောင်း၊လူသားချင်းစာနာသောအထောက်အပံ့များပေးရာတွင်လုံခြုံမှုနှင့်လွတ်လပ်မှုကို ချိန်ဆထည့်သွင်းစဉ်း စားရမည်ဖြစ်ပါကြောင်း၊ ထိရောက်သောအထောက်အပံ့များ မျှမျှတတပေးအပ်နိုင်ရေး၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တွင် (၄-၉-၂၀၁၇)ရက်နေ့တွင်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံ၊ ယူကေနိုင်ငံနှင့်ဒိန်းမတ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သြစတြီးလျနှင့်အီးယူနိုင်ငံတို့မှတာဝန်ခံများ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ IFRC/ICRCတို့မှကိုယ်စားလှယ်များနှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း၊၄င်းနောက်လုံခြုံရေးဆိုင်ရာအင်အားသုံးတိုက်ခိုက်မှုများကိုလည်း စက်တင်ဘာလ(၅)ရက် နေ့နောက်ပိုင်းမှစ၍ အဆုံးသတ်ပြီးဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ပေါင်းစည်းရေး နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်နှင့်ပါတ်သတ်၍ အကြံပေးကော်မတီနှင့် စုံစမ်းရေးကော်မရှင်တို့မှ အကြံပြုချက်များကို အကောင်အထည်ဖေါ်ရန် အတွက်လည်း ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ပူးတွဲဥက္ကဌ အဖြစ်လည်းကောင်း၊ အခြားဌာနဆိုင်ရာများမှ ဒုဝန်ကြီး၊အမြဲတမ်းအတွင်းဝန်တို့ကအဖွဲ့ဝင်များအဖြစ်လည်းကောင်းပါဝင်ဖွဲ့စည်း၍လုပ်ငန်းများစတင်အကောင်အထည်ဖေါ်ဆောင်ရွက်နေ ပြီးဖြစ်ကြောင်း၊လူသားခြင်းစာနာမှုအကူအညီများပေးရာတွင် မည်သည့်ခွဲခြားမှုမှမရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဒုက္ခသည်များအား စနစ်တကျပြန်လည် လက်ခံရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၃ခုနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူညီခဲ့သော ဒုက္ခသည်များစိစစ်လက်ခံရေးမူဘောင်ကို အခြေခံ၍လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်အခြားလိုအပ်သည်များကိုလည်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်မျှတသော ပူးပေါင်းပါဝင်မှုများကို ကြိုဆိုပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အစည်းအဝေးတက်ရောက် နေစဉ် ကာလအတွင်း မစ္စတာ ကိုဖီအာနန်နှင့်လည်းကောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးMr. Filippo Grandiနှင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ Burear of Population, Refugee and Migration မှMr. Simon Henshow ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နှင့်လည်းကောင်း၊UNHCRမှညွှန်ကြားရေးမှူးMr. Indrika Ratwatte ဦးဆောင် သည့်ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ ICRCအဖွဲ့မှ ညွှန်ကြားရေးမှူး Mr.Dominik Stillhart ဦးဆောင်သည့် အဖွဲ့နှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များ၊ ထွက်ပြေးတိမ်း ရှောင်သူများကို ပြန်လည်စိစစ်လက်ခံရေး၊ပြန်လည်နေရာချထားမည့်ကိစ္စရပ်များ၊လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် Red Cross Movement နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ Master Plan ရေးဆွဲချမှတ်ဆောင်ရွက်သည့်ကိစ္စများ၊နိုင်ငံတကာစီးပွားရေးကုမ္ပဏီများအနေဖြင့်ဖွံ့ဖြိုးမှုအကောင်အထည်ဖေါ်ရာတွင်ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်မည့်ကိစ္စရပ်များ၊အာဆီယံ၏လူသားချင်းစာနာမှုအကူအညီပေးရေးနှင့်သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာရေးဆိုင်ရာ ဗဟိုအဖွဲ့(AHA Centre)နှင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် ရှေ့ဆက်မည့်ပြည်သူ့အစိုးရ အတွက် ပြစ်တင်ဝေဖန်မှုအစား အမှန်ကိုသိအောင်ကြည့်မြင်ကြရန်နှင့် မျှတမှုကို အခြေခံသည့် ပူးပေါင်း ဆောင်ရွက်မှုတို့ကိုလိုလားသည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။   ၄င်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်အောက်တိုဘာ(၄)ရက်နေ့ နံနက်(၁၀း၃၀)တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတင် သက်ဆိုင်ရာတာဝန်ရှိသူများက နောက်ခံ သမိုင်းကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကမ္ဘောဒီယား၊ Kyrgyzstan၊ သီရိလင်္ကာ၊ အာဖဂန်နစ်စတန်နိုင်ငံများတွင် ဒုက္ခသည်များအားလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်း၊ပြန်လည်ပေါင်းစည်းခြင်းနှင့်နေရပ် သို့ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ အားနည်းချက်၊ အားသာချက်များနှင့် စိန်ခေါ်မှုများ စသည်တို့ကိုရှင်းလင်း တင်ပြခြင်းနှင့် လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေနှင့်ထိုင်းနိုင်ငံရောက် ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စရပ်ဆွေးနွေးတင်ပြမှုများအပေါ်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ဝင်များက ပြန်လည်၍ သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။   လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်နှင့် မြန်မာအဖွဲ့ရုံးယာယီတာဝန်ခံ ဦးဟောက်ခန့်ဆုမ်းနှင့် အတူကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမှဖိတ်ကြားသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့(ရှ်)၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှကိုယ်စားလှယ်များနှင့် အလွတ်သဘော အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အောက်တိုဘာလ(၆)ရက်နေ့ နေ့လည်ပိုင်းတွင်ကျင်းပပြုလုပ်သော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏အမှုဆောင်အစည်းအဝေးအတွက်ပြင်ဆင်ခြင်း(၆၈)ကြိမ်မြောက်ယခုကျင်းပပြုလုပ်ခဲ့သည့် အစည်းဝေးရလာဒ်များ၊ ဆုံးဖြတ်ချက်များအတည်ပြုခြင်းနှင့်အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။          ခရီးစဉ်အတွင်းပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့် ပတ်သက်၍ ခိုင်လုံသောအထောက်အထား အချက်အလက်များ၊ ဗီဒီယိုဖိုင်များကိုရှင်းလင်းခြင်း၊ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

         

 

FacebookTwitter