UEHRD လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး World Bank နှင့် UNHCR မှ တာဝန်ရှိသူများ ပြည်ထောင်စုဝန်ကြီးထံ သီးခြားစီလာရောက်တွေ့ဆုံ

 

 နေပြည်တော် ၊၂၀၁၇၊ဒီဇင်ဘာ ၁၃

        UEHRDဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကမ္ဘာ့ဘဏ်၏အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ Ms. Victoria Kwakwa ဦးဆောင်သောအဖွဲ့နှုင့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာညှိနှိုင်းရေးမှူး Mr. Jame Lynch ဦးဆောင်သော အဖွဲ့တို့က (၁၂.၁၂.၂၀၁၇)ရက်နေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။

          ကမ္ဘာ့ဘဏ်အဖွဲ့နှင့် တွေ့ဆုံရာတွင် UEHRD ၏ ရည်မှန်းချက်များနှင့်ကိုက်ညီအောင် ရေးဆွဲထားသည့် ကမ္ဘာ့ဘဏ်၏ အဆိုပြုစီမံကိန်းတစ်ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်များ အားလုံးပူးပေါင်း ပါဝင်၍ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ UEHRD ၏ ရည်ရွယ်ချက် (၃)ရပ်နှင့် လက်ရှိ ဦးစားပေးလုပ်ငန်းစဉ်များ၊ဒေသဆိုင်ရာအစိုးရများက အဆိုပြုစီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ယန္တရားဖော်ဆောင်ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိဆန္ဒ အလျောက် ပြန်လည်ဝင်ရောက် လာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်းနှစ်ရပ်အကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် ရေရှည် ပဋိပက္ခ ကင်းဝေးစေရေး၊ ရခိုင်ပြည်နယ်သာမက  ပဋိပက္ခများဖြစ်ပွားနေသည့်အခြားဒေသများ အတွက်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်များသည် အနာဂတ်မျိုးဆက်အတွက် အရေးပါမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ခိုင်မာရေး ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသ ဆိုင်ရာညှိနှိုင်းရေးမှူး Mr. Jame Lynch က ၄င်းတို့အနေဖြင့် ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနေမှုများအား သိရှိဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေး ကိစ္စတွင် ပါဝင်ကူညီနိုင်ရေးနှင့် ဝန်ကြီးဌာနနှင့်နားလည်မှုစာချွန်လွှာ ပြင်ဆင်ချုပ်ဆိုနိုင်ရေးကိစ္စများ ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ သဘောတူညီချက်များ နှင့်အညီ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအား ပြန်လည်လက်ခံရေးကိစ္စအတွက်လိုအပ်သောလက်ခံရေးဌာန(၂)ခုအချိန်မီဆောက်လုပ်ပြီးစီးနိုင်ရေးဆောင်ရွက်နေသည့်ကိစ္စများ၊မြို့ရွာ စီမံကိန်း များ ချမှတ်ပြီး စနစ်တကျတည်ဆောက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စများနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter