ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများက လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၀.၉.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။

          ပူးပေါင်းလုပ်ငန်းစဉ် အမှုဆောင်ဒါရိုက်တာ ဦးစိုင်းစမ်ခမ်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက် သည့်နောက်ဆုံးအခြေအနေများ၊ တိုက်ပွဲရှောင်စခန်းတွင်အရွယ်ရောက်လာသော ကလေးများ မှတ်ပုံတင်ရရှိရေးကိစ္စများ၊ တိုက်ပွဲရှောင်ပြည်သူများ၏မြေယာများတွင် တရုတ်ငှက်ပျောစိုက်ခင်းများ စိုက်ပျိုးနေ၍ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် ၄င်းတို့၏မြေယာဆုံးရှုံးမည်ကို စိုးရိမ်ပူပန်မှုဖြစ်ပေါ် နေရသည့်အခြေအနေများ၊ တိုက်ပွဲရှောင်စခန်းများရှိ ကျောင်းသား/ကျောင်းသူများဆက်လက်ပညာ သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေးရေးကိစ္စရပ်များ၊ တိုက်ပွဲရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများအတွင်း မူးယစ်ဆေးဝါးပြသနာများ၊ရွေ့ပြောင်းသွားလာမှုဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ UNDPမှ Country Directorဖြစ်သူMr. Peter Batchelor နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံအစိုးရက ရန်ပုံငွေထောက်ပံ့ပေးသည့် စီမံကိန်းများနှင့် ပတ်သက်၍ ပထမ(၆)လတိုးတက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အဆိုပါစီမံကိန်းတွင် UNWomen အဖွဲ့ကဆောင်ရွက်မည့်အမျိုးသမီးများ စွမ်းပကား မြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ရေရှည်စီးပွားရေးအခွင့်အလမ်းများ ဖေါ် ဆောင်ပေးခြင်းများ၊ လူမှုသဟဇာတဖြစ်ထွန်းရေးဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ယခင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ရခိုင်ကော်မတီ အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သည့် Mr. Roelf Meyer နှင့်အဖွဲ့အားတွေ့ဆုံရာတွင် ၄င်း၏ရခိုင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်၍ တွေ့ရှိခဲ့ရသော အချက်အလက်များ ၊ရခိုင်ပြည်နယ်လူ့အသိုင်းအ၀ိုင်းနှစ်ခု ကြားတွင် တည်ရှိနေသော အကြောက်တရားများ၊ သတင်းအချက်အလက်အလွဲအမှားများနှင့် စိတ်ဝမ်းကွဲပြားမှုများအား ကျော်လွှာ၍ လူမှုသဟဇာတမျှတဖြစ်ထွန်းရေးဆောင်ရွက်ရန် လုပ်ဆောင် နိုင်မည့်အခြေအနေများ၊ လူ့အသိုင်းအ၀ိုင်းနှစ်ခုကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးများ ဖန်တီးပေးရန် လိုအပ်မှုအခြေအနေများ၊ အမျိုးသမီးများ အခွင့်အရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် စိတ်ဒဏ်ရာ ဒုက္ခများ ပြန်လည်သက်သာရာရ စေရေးတို့နှင့် စပ်လျဉ်း၍ အမျိုးသမီးဖိုရမ်တစ်ရပ် ကျင်းပရေးတို့အား ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter