ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့်ပူးပေါင်း၍ နေပြည်တော် ကလေးပြုစုရေးဌာနဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁၇.၈.၂၀၁၈

          ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဦးဆောင် မတည်၍ မွေးစမှ(၆)လအရွယ်ထိ ရင်ခွင်မဲ့ကလေးငယ်များ အတွက် နေပြည်တော်တွင် လူဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာန(၁)ခု ဆောက်လုပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က  အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် မွေးကင်းစအရွယ်မှသက်ကြီးရွယ်အိုအထိ ကလေးသူငယ်၊ အမျိုးသမီးများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိရာ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအနေဖြင့် ထဲထဲ ၀င်ဝင်ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ကလေးပြုစုရေးဌာနများ အမှန်တကယ် လိုအပ်နေပါကြောင်း၊ ပရဟိတများတွင်စောင့်ရှောက် ထားသော်လည်း စနစ်တကျဖြစ်ရန် အားနည်းချက်များရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် စံပြအနေဖြင့် ဖောင်ဒေးရှင်းချပေးရန်လိုအပ်ပါကြောင်း၊ ပြုစုစောင့်ရှောက်မှု၊ ကာကွယ်စောင့်ရှောက်မှုအပိုင်းများတွင် မူလတန်းကြိုကျောင်းများကဲ့သို့ စံပြအဖြစ် ဆောင်ရွက်ပေးရန်လိုအပ်မှာဖြစ်ပါကြောင်း၊ (One Stop)အနေဖြင့် အမျိုးသမီးများအား နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ကူညီထောက်ပံ့မှုလုပ်ငန်းများကို ပြည်သူလူထုအတွင်း ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကောင်းစွာသိရှိနေပြီဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ပြုစုရေးဌာနဖွင့်လှစ်ရန် ကူညီလှူဒါန်းမှုအတွက် ကျေးဇူးတင် ၀မ်းမြောက်မိပါ ကြောင်းနှင့် အဆောက်အဦဆောက်လုပ်မည့် အပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးပေးကြစေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ကလေးပြုစုရေး ဌာနအဆောက်အဦ ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းမှ ဥက္ကဌဒေါ်မေယဉ်ထွန်းက လည်းကောင်း၊ အဆောက်အဦနှင့် ပတ်ဝန်းကျင်သည် ကလေး ငယ်များ အတွက် အဆင်ပြေချောမွေ့စေရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရေးနှင့် ရေရှည်အတွက်ပါ ကြိုတင်ပြင်ဆင်၍ ဆောက်လုပ်သွားနိုင်ရန် အချက်အလက်များ နှင့် အဆောက်အဦ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ များ ဖွဲ့စည်းလျာထားမှုများကို  အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာက လည်းကောင်း၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

FacebookTwitter