သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းနည်းပညာတက္ကသိုလ်နှင့် ဆွေးနွေးညှိနှိုင်း
      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့၊ ကွင်းစ်လန်း နည်းပညာတက္ကသိုလ်(Queensland University of Technology-QUT) မှ ဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေး နည်းစနစ်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း အစီအစဉ်သို့ တက်ရောက်ရန်အတွက် သြစတြေးလျနိုင်ငံသို့ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၆)ရက်နေ့ထိ သွားရောက် ခဲ့ပါသည်။
      ပြည်ထောင်စုဝန်ကြီးသည် ကွင်းစ်လန်းနည်းပညာတက္ကသိုလ်(Queensland University of Technology-QUT)၌ ဌာနအသီးသီးသို့ သွားရောက်၍ ပြည်သူ့ကျန်းမာရေးနှင့် လူမှုရေး လုပ်ငန်းများဆိုင်ရာ သိပံ္ပကျောင်း အကြီးအကဲ Professor MaryLou Fleming အပါအဝင် သက်ဆိုင်ရာ ပါမောက္ခများနှင့် တာဝန်ခံအရာရှိကြီးများ နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်‌ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ( Myanmar National Strategic Plan on Social Protection)မှာ လူမှုရေးအရ ကာကွယ်စောင့်‌ရှောက်ရန် လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာဘဏ္ဍာ‌ရေးနှစ်အလိုက် တဆင့်ပြီးတဆင့်‌ ထောက်ပံ့ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အတည်ပြု ပြဌာန်းခဲ့ပြီးသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများနှင့်အညီ ဆောင်ရွက်နေမှု၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တွင် အောင်မြင်စွာဖွင့်လှစ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဆုံးအခမဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောက်ရှောက်ရေးဌာန ဖွင့်လှစ်နေမှု၊ အသက်(၁၀၀)ကျော် သက်ကြီးဝါကြီးများအား နိုင်ငံတော်သမ္မတ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေ ထောက်ပံ့ခြင်း အစီအစဉ်၊ အသက်(၉၀)နှစ်နှင့် (၁၀၀)နှစ်ကြား အဘိုး၊ အဘွားများကို ဝန်ကြီးဌာနဘတ်ဂျက်မှ ထောက်ပံ့မည့်အစီအစဉ်၊ “သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေ” ကိုအတည်ပြု ပြီးစီးမှုအခြေအနေ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအမျိုးသားအဆင့် စီမံကိန်း(၂၀၁၃-၂၀၂၂) အတိုင်း အကောင်အထည်ဖေါ်နေမှု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်‌ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့်‌ စတုတ္ထနှင့်ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာကို ကုလသမဂ္ဂသို့ ပေးပို့ထားမှု၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အတည်ပြုနိုင်ရေး ပြီးစီးမှုအခြေအနေ၊ “မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ” အတိုင်း လိုက်နာ ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းကျောင်း(၈) ကျောင်းကို စံပြမသန်စွမ်းကျောင်းများ အဖြစ်ဖွင့်လှစ်ထားပြီး ပြင်ပရှိမျက်မမြင်၊ နားမကြား စတဲ့ မသန်စွမ်းစောင့်ရှောက်ရေး ပရဟိတ ဂေဟာ(၁၀)ခုကိုလည်း နှစ်စဉ်ထောက်ပံ့နေမှု၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မျက်မမြင်သုံး သင်္ကေတများပါရှိတဲ့ Template (ပုံစံပြား) ကိုအသုံးပြုပြီး အခြားအကူအညီမပါဘဲ မသန်စွမ်းသူများ ကိုယ်တိုင်ဆန္ဒမဲပေးခဲ့မှု၊ မြန်မာနိုင်ငံသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများနဲ့အညီ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်‌ လူမှုစီးပွားဘဝမြင့်မားရေးနှင့် စပ်လျဉ်းပြီး နည်းပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံများ ပိုမိုရရှိစေရန် သင်တန်းပေးခြင်း၊ လေ့လာရေးခရီးစေလွှတ်ခြင်း၊ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မဟာဘွဲ့လွန်နှင့် ပါရဂူသင်တန်းများ စေလွှတ်ခြင်း၊ Visiting Lectures များစေလွှတ်ခြင်း၊ အထူးသဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအရ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံတွင်ပထမဆုံးတစ်ခုတည်းသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး (Disaster Management Training Center) အတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးပါသည်။
      ဆွေးနွေးဖလှယ်ခြင်း ခရီးစဉ်အတွင်း ဝန်ကြီးဌာနနှင့် သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်း နည်းပညာ တက္ကသိုလ်(Queensland University of Technology-QUT)၊ ပြည်သူ့ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ဆိုင်ရာ သိပ္ပံကျောင်း အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရန် နည်းပညာဆိုင်ရာ သဘောတူညီချက် (Technical Agreement) ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
FacebookTwitter