D.K.B.A ငြိမ်းချမ်းရေးဌာနချုပ်တွင် မူကြိုကျောင်း ပန္နက်ရိုက်

မြဝတီ၊ ဖေဖော်ဝါရီလ (၁၄) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဖေဖော်ဝါရီလ (၁၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာသို့ ကွင်းဆင်း၍ ၀န်ကြီးဌာနမှ (၂၀၀)သိန်းကျပ် ထောက်ပံ့မှုဖြင့် D.K.B.A ငြိမ်းချမ်းရေးဌာနချုပ်တွင် မူလတန်းကြိုကျောင်း ဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ပါသည်။

      အစီအစဉ်အရ သတ်မှတ်ထားသော နေရာတွင် ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်၊ အမြဲတန်းအတွင်းဝန် ဦးစိုးအောင်နှင့် D.K.B.A ငြိမ်းချမ်းရေးဌာန၊ ဗိုလ်ချုပ်ကြီး စောလားဘွယ်တို့က ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးပါသည်။

      ဆက်လက်၍ သွပ်အချပ် (၁၅၀)နှင့် သွပ်ရိုက်သံများ၊ မိသားစုသုံးပစ္စည်းများ၊ အ၀တ်အထည်များနှင့် တိုင်းရင်းဆေးဝါးများကို ထောက်ပံ့ပေးပါသည်။

      ၎င်းနောက် မြ၀တီမြို့၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

      ထို့နောက် မြ၀တီခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ခရိုင်ကယ်ဆယ်ရေးသိုလှောင်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပြီး တာဝန်ရှိသူများနှင့် မီးဘေးအပါအ၀င် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စီမံချက်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter