လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ (၁၇) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၁၇ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF အဖွဲ့အစည်းမှ Senior Social Protection Consultant ဖြစ်သူ Mr. Philip Goldman ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထို့သို့တွေ့ဆုံရာ၌ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်များ၊ လွှတ်တော်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များအား လူမှုကာကွယ်စောင့်ရှောက်ရေး အသိပညာပေးလုပ်ငန်းစဉ်များ၊ မိခင်နှင့်ကလေး လူမှုထောက်ပံ့ရေး အစီအစဉ်များနှင့် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      အလားတူ ( ၁၂း၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အပါ အဝင် ဒေသခံလူမှုရေးအဖွဲ့(၉)ဖွဲ့ ပေါင်းစုဖွဲ့စည်းထားသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့၊ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်း ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ နေရပ်‌စွန့်ခွာရွှေ့ပြောင်း နေထိုင်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပံ့ပိုးရေးကိစ္စရပ်များ၊ ပြည်သူများဘေးကင်းလုံခြုံစွာဖြင့် နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      ထို့အပြင် နေ့လည်(၁၅း၀၀)နာရီအချိန်တွင် The Leprosy Mission Myanmar (TLMM) အဖွဲ့အစည်းမှ ဌာနေညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဇော်မိုးအောင်မှ လာရောက်တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် အနာကြီးရောဂါသည်များနှင့် မသန်စွမ်းသူများကို ကူညီဆောင်ရွက်ပေးနေမှုများ၊ ကလေးငယ်များအတွက် Early Childhood Care and Development ( ECCD ) အပြင် Early Childhood Intervention (ECI) တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ထို့အပြင် မသန်စွမ်းသူများအတွက် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပညာရေးကဏ္ဍတွင် မသန်စွမ်းသူများအတွက် လူတိုင်း အကျုံးဝင်ပညာရေးစနစ်တွင် ပါဝင်နိုင်ရေးကိစ္စရပ်များ၊ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက် အတွင်း မသန်စွမ်းသူများအတွက် အချိန်တိုအတွင်း အကျိုးရရှိစေမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter