ဟင်္သာတခရိုင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် လေဘေးသင့် ဒေသများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ ပစ္စည်းများပေးအပ်
      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ တာဝန်ရှိသူများနှင့်အတူ ၅-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတခရိုင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် လေဘေးသင့် ဒေသများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
      ပြည်ထောင်စုဝန်ကြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိပြီး ပြည်သူကိုဗဟိုပြု၍ ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက် ထားရှိခြင်းဖြင့် ဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်ပါက ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်း သက်သာစေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
      ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဟင်္သာတခရိုင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေကျပ်(၁၁၈၅၀၀၀)နှင့် ဟင်္သာတမြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်းရှိ လေဘေးသင့်ဒေသများမှ ကျောင်းသား/ကျောင်းသူများအတွက် ကျပ်(၁၀)သိန်းတန်ဖိုးရှိ စာရေးကိရိယာ ပစ္စည်း(၁၂)မျိုးအား ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။
      ဆက်လက်၍ ဟင်္သာတမြို့တွင် ဖွင့်လှစ်ထားရှိသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းဖြစ်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပြည်သူလူထုအတွင်း သဘာဝဘေးဆိုင်ရာ အသိပညာများ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေခြင်းဖြင့် ဘေးဒဏ်ခုခံနိုင်စွမ်းရှိသော လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာစေရေး၊ လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုတွင် ပါဝင် ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ရေး၊ သင်ရိုးညွှန်းတမ်းနှင့် စပ်လျဉ်း၍ မိမိနိုင်ငံ၊ မိမိဒေသနှင့်ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသော သင်ရိုးညွှန်းတမ်းဖြစ်စေရေး၊ နိုင်ငံတကာတက္ကသိုလ်များ၊ သင်တန်းဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်‌တင်ရေးနှင့် နိုင်ငံတကာအဆင့်မီ သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
      မွန်းလွဲပိုင်းတွင် ပုသိမ်ကယ်ဆယ်ရေးသိုလှောင်ရုံသို့ ရောက်ရှိပြီး ကယ်ဆယ်ရေး ပစ္စည်းများအား ကြည့်ရှုပြီး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အဂတိလိုက်စားမှု ကင်းရှင်းရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ စွမ်းဆောင်ရည် မြင့်မားရေးတို့ကို ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်သူနှင့်ထိတွေ့ပြီး ပြည်သူဗဟိုပြု လုပ်ငန်းများကို ၀န်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းရပ်များနှင့် အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး သဘာဝဘေး ဖြစ်ပွားပေါ်ပေါက်ပါက သတင်း အချက်အလက် မပြတ်တောက်စေရေး တပ်ဆင်ထားရှိသည့် Single Side Band (SSB) ဆက်သွယ်ရေး စနစ်အား လပွတ္တာခရိုင်နှင့် လက်တွေ့ဆက်သွယ် ဆောင်ရွက်ခဲ့ပါသည်။
       ယင်းနောက် ပုသိမ်မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ဤကျောင်းမှ ကလေးသူငယ်များသည် အနာဂတ်ခေါင်းဆောင်များ၊ ပညာရှင်များ ဖြစ်ပေါ်လာနိုင်သဖြင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
       ဆက်လက်၍ အမျိုးသမီးသက်မွေး ပညာသင်ကျောင်းသို့ သွားရောက်၍ အလုပ်အကိုင် အခွင့်‌အလမ်းရရှိရေး ဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော သင်တန်းကျောင်း အခြေပြုနှင့် ရပ်ရွာအခြေပြု အခြေခံ၊ အဆင့်မြင့်နှင့် အထူးစက်ချုပ်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန် ဆွေးနွေးပြီး စက်ချုပ်သင်တန်းများတွင် တက်ရောက်လျက်ရှိသော သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။
      ဆက်လက်၍ ပုသိမ်ကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များကို လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ ဝင်ဆံ့နိုင်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သူများ အဖြစ် ရောက်ရှိလာစေရန် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အပြည့်အဝ ခံစားနိုင်စေရေး ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း မှာကြားပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ကလေးများအား လှည့်လည် ကြည့်ရှုပြီး ကစားစရာနှင့်‌ မုန့်များပေးအပ်ခဲ့ပါသည်။
FacebookTwitter