မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မသန်စွမ်းအသင်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မသန်စွမ်းအသင်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇွန် ၁၈

          မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မသန်စွမ်း အသင်းများမှ တာဝန်ရှိသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြော ကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် မသန်စွမ်းသူများနှင့် ပတ်သက်ပြီး အကောင်းဆုံး ဖြစ်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးကို အလေးထားပါကြောင်း၊ မသန်စွမ်းသူများ အားလုံးတန်းတူညီမျှ အကျိုးခံစားခွင့်ရရှိပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ကဏ္ဍ အသီးသီးမှ ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ သာတူညီမျှ ရရှိစေရန်အတွက်  ဥပဒေပြဌာန်းခြင်း၊ နည်းဥပဒေဖော်ဆောင်ခြင်း၊ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ကဏ္ဍအလိုက် ဆပ်ကော်မတီများဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ကော်မတီအဆင့်ဆင့်နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ဖွဲ့စည်းထား သော မသန်စွမ်းအသင်းအဖွဲ့အစည်းများ အကြား စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်နိုင် မှသာ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးကို စုပေါင်းအားဖြင့် ဆောင်ရွက်ဖော်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ ရပ်တည်နိုင်မည့် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်ဖော်ဆောင်ရန်သည် အလွန်အရေးကြီးပါကြောင်း၊ အမျိုးသားကော်တီတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင် အထည်ဖော်မည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များအား ထည့်သွင်း ဖွဲ့စည်းထားရှိ ပါကြောင်း၊ မသန်စွမ်းသူများနှင့် ပတ်သက်လျင် ပြည်သူလူထုက မသန်စွမ်းဝေါဟာရမှစ၍ အစစ အရာရာ သဘောပေါက်နားလည်ပြီး အမြင်မှန်မှန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အစိုးရ၊ မသန်စွမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းတစ်ဦးချင်းစီတို့တွင်လည်း  တာဝန်ရှိပါကြောင်း၊ မသန်သော်လည်း စွမ်းကြောင်း ပြသနိုင်ရန် အစိုးရနှင့် အဖွဲ့အစည်းအသီးသီးက ကူညီ ဆောင်ရွက်ပေး လျက်ရှိရာ မသန်စွမ်းသူ ကိုယ်တိုင် ကြိုးစားအားထုတ်ရန်လည်း အရေးကြီး ပါကြောင်း၊ မသန်စွမ်းသူများ သာတူညီမျှ ခံစားရရှိမှုတို့ သေချာစေရန် ဦးဆောင်သူများ၏ တာဝန်သည်အဓိကဖြစ်ပါကြောင်း၊ ဦးဆောင်သူများအနေဖြင့် အားလုံးကို မခွဲခြားဘဲ ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်ခြင်းကို ပြသနိုင်ပါကြောင်း၊ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေး၊ အလုပ်အကိုင်လက်လှမ်းမီရေး၊ နေ့စဉ်သွားလာလှုပ်ရှားရေး စသည်တို့တွင် လိုအပ်ချက်များပြား သည့်အတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်ရရှိခံစားဖို့ လိုပါကြောင်း၊ ထိခိုက်လွယ် အုပ်စုတွင်ပါဝင်သော မသန်စွမ်းသူများအတွက် အလွန်အရေးကြီးသောအချက်သည် နိုင်ငံတကာ တွင်လည်း အဓိကထား ဆောင်ရွက်နေသည့် တရားမျှတမှုရရှိပိုင်ခွင့် (Access to Justice) ဖြစ်ပါကြောင်း၊ မသန်စွမ်းတစ်ဦးချင်းစီအတွက် တရားမျှတမှုရရှိနိုင်ရေး ကိုယ်ချင်းစာစိတ်ဖြင့် အားလုံး ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးရန်လိုပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အရေးဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဆောင်ရွက်ချက်များ၊ ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုရရှိရန် အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်၊ ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသည့် အကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ တက်ရောက်လာသည့် မသန်စွမ်း အသင်းအဖွဲ့မှ ကိုယ်စားလှယ် များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်သည့် မဟာဗျူဟာ စီမံကိန်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အသင်းအဖွဲ့အစည်းများအတိုင်း ဆောင်ရွက်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများအား ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

FacebookTwitter