စစ်ကိုင်းတိုင်း၊ မတ်လ (၁၂) -

     လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် မတ်လ(၁၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိပြီး အမှတ်(၅၂) ခြေလျင်တပ်ရင်း၊ မူလတန်းကြိုကျောင်း၌ မူကြိုကလေးများ၏ ပြုစုစောင့်ရှောက်‌ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားကာ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပါသည်။

နေပြည်တော် -

      "ကျား၊ မတန်းတူ ကမ္ဘာတစ်ဝန်း ၂၀၃၀ ရည်ကာမှန်း" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်း၊ မတ်လ (၆) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ(၆)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး မျက်မမြင်စာ သင်ကြားပေးနေမှုနှင့် မျက်မမြင်အကြောပြင် အနှိပ်ပညာသင်ကြားနေမှု အပါအဝင် အမြင်အာရုံ ချို့တဲ့သူများအား ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားရေးနှင့် တတ်မြောက်ထားသော ပညာရပ်များဖြင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးစသည့် မျက်မမြင်သူများအား ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်သူများအ‌နေဖြင့် ပြုစုစောင့်ရှောက်မှု နည်းပညာများကို စနစ်တကျ သိရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအမှတ်စဉ်(၂)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ (၅.၁.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ထိ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသားပေါင်း (၂၀)ဦးတို့အား သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်သူများအဖြစ် သင်တန်းဆင်းပေးနိုင်ခဲ့ ပါသည်။

ပဲခူးတိုင်း၊ မတ်လ (၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျှက် မတ်လ(၁)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ငွေပဒေသာပင်အတွက် (၁၀)သိန်းကျပ်နှင့် မိသားစုသုံး ပစ္စည်းများကို ထောက်ပံ့ကန်တော့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊   ဖေဖော်ဝါရီ (၂၉) -

    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ(၂၉)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ထိုင်ကူမြစ်တန်းကျေးရွာသို့ စက်လှေဖြင့်သွားရောက်ပြီး ဝန်ကြီးဌာနမှ (၄၅)သိန်းကျပ်ဖြင့် ဆောက်လုပ် ပြီးစီးသည့်‌ ဂိုး‌မြောင်းချောင်းကူး ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးပြီး ဒေသခံပြည်သူများအတွက် မိသားစုသုံး ပစ္စည်းများ ထောက်ပံ့ပေးပါသည်။

နေပြည်တော်၊ ဖေဖေါ်ဝါရီလ (၂၅) -

    (၁၅)ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၏ သဘာဝဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်းအ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ ပူးတွဲဥက္ကဌများ ဖြစ်ကြသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း ဖိုရမ်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြပါသည်။

မန္တလေး၊ ဖေဖေါ်ဝါရီလ (၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့သို့‌ရောက်ရှိပြီး စံချိန်စံညွှန်းမှီ ‌ဆောက်လုပ်ပြီးစီးသည့်‌ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဝန်ကြီးဌာန ဘတ်ဂျက်မှ (၁၀၉၅.၇၅) သိန်းကျပ်ဖြင့် ဆောက်လုပ်သည့်‌ မြင်းခြံ စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်း၍ မူကြိုကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။

နေပြည်တော်၊ ဖေဖေါ်ဝါရီလ (၁၉) -

      မီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နမ့်ဆန်မြို့မီးဘေးသင့် ပြည်သူများအတွက် (၁၈၀)သိန်းကျပ်နှင့် လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် (၁၂၀)သိန်းကျပ် စုစုပေါင်း (၃၀၀)သိန်းကျပ် ကို တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်နေလင်းက ပေးအပ်ရာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

မြိတ်၊ ဖေဖေါ်ဝါရီလ (၁၅) -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးမြတ်ကို နှင့်အတူ ဖေဖေါ်ဝါရီလ(၁၅) ရက်နေ့တွင် မြိတ်မြို့မှ ပုလောမြို့နယ် ကျောက္ကာကျေးရွာသို့ ရေယာဉ်ဖြင့် သွားရောက်ပြီး မီးဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပါသည်။